🏛️ဆိုင်းဘုတ်(အသစ်)လျှောက်ထားခြင်း (အပြည့်အစုံ)

✅လိုင်စင်ခွင့်ပြုရန် လျှောက်ထားသော လုပ်ငန်းများတွင် လုပ်ငန်းရှင်ကိုယ်တိုင် တပ်ဆင်ထားသည့် ကိုယ်ပိုင်ဆိုင်းဘုတ်အား လိုင်စင်နှင့်တွဲဖက်သည့် ဆိုင်းဘုတ်အဖြစ် သတ်မှတ်ထားရှိပါသည်။ အဆိုပါ ဆိုင်းဘုတ်အား ခွင့်ပြုချက်လျှောက်ထားလိုပါက www.ycdc.gov.mm ဝဘ်ဆိုဒ်ရှိ Online လျှောက်လွှာဖောင်တွင် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်အတူ အောက်ပါအထောက်အထားများပူးတွဲ၍ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးကော်မတီသို့ လျှောက်ထားရပါမည်။

❶နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊

❷တပ်ဆင်မည့် ဆိုင်းဘုတ်ဓာတ်ပုံနှင့် အရွယ်အစားဖော်ပြချက်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဘက်မှ

✅အထောက်အထားများပြည့်စုံမှုရှိပါက အောက်ပါအချက်များကို လိုင်စင် (အသစ်)လျှောက်ထားခြင်းနှင့်အတူ တစ်ပါတည်း ကွင်းဆင်းစစ်ဆေးရန်အတွက်  စစ်ဆေးမည့်ရက်/အချိန်အား အကြောင်းကြားမည်-

❶ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊

❷အခြားမြေ/ဉပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊

❸ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ။

✅ကွင်းဆင်းစစ်ဆေးပြီးနောက် လိုအပ်ချက်မှာကြားခြင်းနှင့် လိုအပ်ချက်မရှိပါက စစ်ဆေး တွေ့ရှိချက်နှင့်အတူ စည်းကြပ်သင့်သည့် ဆိုင်းဘုတ်နှုန်းထားအား အဆိုပြုဖော်ပြ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြဆောင်ရွက်မည်ဖြစ်ပါသည်။

✅ခရိုင်ရုံးက ဆိုင်းဘုတ်နှုန်းထားပေးသွင်းပြီးကြောင်း အထောက်အထား၊ ခွင့်ပြုချက်  ပြန်လည် ရရှိပါက လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ ဆိုင်းဘုတ်တပ်ဆင်ခွင့်ပြုမည် ဖြစ်ပါသည်။

📅မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းမရှိလျှင် (၄)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။

ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဘက်မှ

✅မြို့နယ်၏ တင်ပြချက်အပေါ် လိုင်စင်နှင့်အတူ တပြိုင်တည်း မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဆိုင်းဘုတ်ခွင့်ပြုသင့်ကြောင်း စိစစ်ရရှိပါက ဆိုင်းဘုတ်ကြေးငွေပေးသွင်းရန် (ကျသင့် နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်) မြို့နယ်မှတစ်ဆင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။           

✅ငွေသွင်းချလံရရှိပါက ဆိုင်းဘုတ်တပ်ဆင် ခွင့်ပြုမိန့်အား မြို့နယ်သို့ ပြန်လည်ပေးပို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

📅မိမိရုံးသို့ ရောက်ရှိသည့် အချိန်မှ (၆)ရက်တာ ကာလအတွင်း စိစစ်ဆောင်ရွက်ပြီး ဆိုင်းဘုတ်ခွင့်ပြုမည်ဖြစ်ပါသည်။

ဆိုင်းဘုတ်ခွင့်ပြုနိုင်ခြင်းမရှိသည့်အချက်များ

✅မြေပြင်ကွင်းဆင်းစိစစ်ချက်အရ အောက်ဖော်ပြပါအချက်များ တွေ့ရှိပါက  ဆိုင်းဘုတ်ခွင့်ပြုနိုင်ခြင်း မရှိပါ။

❶ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ကြောင်း ကန့်ကွက်မှုရှိနေပြီး ယင်းကန့်ကွက်ချက်ကို စိစစ်ရာ မှန်ကန်ကြောင်း တွေ့ရှိရခြင်း၊

❷အထောက်အထားပြည့်စုံမှုမရှိခြင်း၊

❸ခွင့်ပြုလိုင်စင်ပါ လုပ်ငန်းဆိုင်းဘုတ်မဟုတ်ခြင်း၊

❹သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီမှုမရှိခြင်း၊

ကော်မတီဝင်များအစည်းအဝေး(EC)မှ အဆုံးအဖြတ်ပေးခြင်း

✅ပတ်ဝန်းကျင်အနှောင့်အယှက်ရှိကြောင်း တိုင်ကြားမှု၊ အငြင်းပွားမှုများရှိသည့် မြို့နယ်/ခရိုင် အဆင့်ဆင့်မှ ခွင့်ပြုနိုင်ခြင်းမရှိသော ဆိုင်းဘုတ်များနှင့်ပတ်သက်၍ ဌာနသို့ တင်ပြခွင့်ပြုချက် ရယူပါသည်။ လိုအပ်ပါက ဌာနက ကော်မတီဝင်များအစည်းအဝေး(EC)သို့ တင်ပြဆောင်ရွက်မည်ဖြစ်ပြီး (EC)၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။

✅ဌာန/EC ဆုံးဖြတ်ချက်အရ ဆိုင်းဘုတ်ခွင့်ပြုနိုင်ခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ စာဖြင့် အကြောင်းကြား မည်ဖြစ်ပါသည်။

✅ဌာနမှူးက ချမှတ်သည့်  အမိန့်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက  အကြောင်းကြားစာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကော်မတီသို့ တင်ပြနိုင်သည်။

✅ကော်မတီက ချမှတ်ထားသော အမိန့်သည် အတည်ဖြစ်သည်။

ကုန်ကျစရိတ် 

✅လိုင်စင်ရှိ ဆိုင်းဘုတ်လျှောက်ထားခြင်းအတွက် ကုန်ကျစရိတ်မရှိပါ။ ဒါပေမယ့် ဘဏ္ဍာနှစ်(၁)နှစ်အတွက် ပေးသွင်းရမည့် ဆိုင်းဘုတ်နှုန်းထားအား၊ နှစ်စဉ်ထုတ်ပြန်သည့် တိုင်းဒေသကြီး အခွန်အကောက်ဉပဒေအရ စည်းကြပ်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဆိုင်းဘုတ်နှုန်းထားများသည် ဘဏ္ဍာနှစ်အလိုက် ပြောင်းလဲမှုရှိနိုင်ပါသည်။

✅လိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းအား လိုင်စင်ရရှိသူက တပ်ဆင်သည့် စတုရန်းပေ (၃၀၀)အောက် ဆိုင်းဘုတ်အတွက်သာဖြစ်ပါသည်။

(က)  ၅၀ စတုရန်းပေနှင့်အောက် ၁ စတုရန်းပေ ၅၀၀ ကျပ်
(ခ)   ၅၀ စတုရန်းပေအထက် ၁ စတုရန်းပေ ၁၂၀၀ ကျပ်
(ဂ)   ကုမ္ပဏီဖြင့်ဆောင်ရွက်သည့်လုပ်ငန်း ၁ စတုရန်းပေ ၅၀၀၀ ကျပ်
(ဃ)  လေကျူးဆိုင်းဘုတ် ၁ စတုရန်းပေ ၅၀၀ ကျပ်

မှတ်ချက်။         လေကျူးခွန်နှင့်ပတ်သက်၍ ဆိုင်းဘုတ်မျက်နှာစာအားလုံးအတွက် ကောက်ခံရန်။

ဆိုင်ဘုတ်နှင့်ပတ်သက်၍စည်းကမ်းချက်များ

❶မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် အရှက်ကင်းမဲ့ဖွယ်အမြင်မသင့်တော်သည့် ဒီဇိုင်းများ တပ်ဆင်ခြင်းမပြုရ၊

❷လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်ရပ်အား ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းစေမည့် ဒီဇိုင်း စာသားများ မပါရှိစေရ၊

❸တည်ဆဲဥပဒေတစ်ရပ်ရပ်အား ဖီလာဆန့်ကျင်သည့် ဒီဇိုင်းများမဖြစ်စေရ၊

❹အရက်၊ ဘီယာ၊ ဆေးလိပ်များနှင့်ပတ်သက်၍ ပုလင်း၊ ခွက်၊ အရက်နှင့်ဆေးလိပ်ဟု ယူဆရသည့် ဒီဇိုင်းများမပါရှိစေရ၊

❺အင်္ဂလိပ်စာသားနှင့်မြန်မာစာသားများဖြစ်သာ သီးသန့်ရေးသားတပ်ဆင်ရန်၊ (ဥပမာ-  City Mart, Ocean, Super Market)

❻ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်ထောင်စုတိုင်းရင်းသား ဘာသာစကား မဟုတ်သည့်  English   မပါ အခြားဘာသာစကားများ (ဥပမာ-တရုတ်၊ ဂျပန်၊ အိန္ဒိယ)ဖြင့် ရေးသားတပ်ဆင်ကြော်ငြာမည်ဆိုပါက ဆိုင်းဘုတ်ဧရိယာ၏ ၂၀ % ကိုသာ တပ်ဆင် ရမည်ဖြစ်ပြီး ၎င်းဆိုင်းဘုတ်၏ ကျန် ၈၀  % တွင် အဓိပ္ပါယ်တူ မြန်မာ စာလုံးပူးတွဲ ရေးသားတပ်ဆင်ရန်၊

❼သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးထမ်းများကို တပ်ဆင်နိုင်သည်။ (ဥပမာ-တရုတ်၊ နဂါး၊ စင်္ကာပူခြင်္သေ့၊ အမေရိကန်လင်းယုန်၊ အိန္ဒိယနတ်ရုပ်များ၊ ဂျပန်ကီမိုနိုနှင့်အရုပ်များ)

အရေးယူဆောင်ရွက်ခြင်း

✅သတ်မှတ်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဉပဒေ(၂၀၁၈ ခုနှစ်) ပုဒ်မ ၂၈၁ အရ အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါသည်-

❶ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

❷ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

❸ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။

လုပ်ငန်းမဟုတ်သောဆိုင်းဘုတ်များ

✅ဆိုင်းဘုတ်များတပ်ဆင်ရာတွင် အကျိုးအမြတ်ရရှိလိုသည့် စီးပွားရေးအလို့ငှာ တပ်ဆင်ခြင်း မဟုတ်ဘဲ နေရာ၊ အဆောက်အဦတစ်ခု၏ အမည်နာမအနေဖြင့် တပ်ဆင်ခြင်းအား ကော်မတီအနေဖြင့် စီမံခန့်ခွဲခြင်း မပြုဘဲ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အစိုးရ အဖွဲ့အစည်း၊ အသင်းအဖွဲ့များ အနေဖြင့်သာ ဆောင်ရွက်ရန်၊ (ဥပမာ-ဇီဝိတဒါနသံဃဆေးရုံ)

ကြိုတင်နားလည်ထားရန်

✅လိုအပ်သည့်အထောက်အထားများ ပြည့်စုံမှုရှိသော်လည်း ကော်မတီက အခါအားလျော်စွာ ဆိုင်းဘုတ် ခွင့်မပြုရန် အမိန့်ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ထားသည့် ဆိုင်းဘုတ်များအား ဆိုင်းဘုတ် ခွင့်ပြုနိုင်ခြင်းမရှိပါ။

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?