🏛️ယစ်မျိုးလိုင်စင် လျှောက်ရန်လိုအပ်သော အချက်များ

ယစ်မျိုးလိုင်စင်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၄-၁၀-၂၀၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄၂/၂၀၁၁ ဖြင့် ထုတ်ပြန်ခဲ့သည့် ဥပဒေများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုခဲ့ပါသည်။ ယစ်မျိုးလိုင်စင်သည် သက်တမ်းအားဖြင့် တစ်နှစ် ဖြစ်ပါသည်။ သက်တမ်းရေတွက်ပုံမှာ ဧပြီလ (၁)ရက်နေ့မှ နောက်နှစ်မတ်လ (၃၁)ရက်နေ့အထိ တစ်နှစ် ဖြစ်ပါသည်။

ယစ်မျိုးလိုင်စင်လျှောက်ထားနိုင်သူများ

မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ ၇(က) (၁) (၂) (၃) အရအောက်ပါပုဂ္ဂိုလ်များကို လိုင်စင်ခွင့်ပြုချက် ရရှိနိုင်ပါသည်။
❶ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ၊
❷ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေအရဖွဲ့စည်းထားသောကုမ္ပဏီ(သို့) အဖွဲ့အစည်း၊
❸ အစုစပ်လုပ်ငန်း၊

ယစ်မျိုးလိုင်စင် မလျှောက်ထားနိုင်သူများ

ယစ်မျိုးနည်းဥပဒေ ၃၃က (၂) အရ ယစ်မျိုးနာမည်ပျက်စာရင်း ကြေငြာခံထားရသူများ မရရှိနိုင်ပါ။
❶ အာမခံမပေးနိုင်သောရာဇဝတ်မှုဖြင့်အပြစ်ပေးခံရသူ၊
❷ လူမွဲစာရင်းဝင်သူ၊
❸ ယစ်မျိုးအက်ဥပဒေအရအပြစ်ပေးခြင်းခံရသူ၊
❹ ယစ်မျိုးခွန် ပေးဆောင်ရန်ပျက်ကွက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊
❺ ယစ်မျိုးဥပဒေ နှင့် လိုင်စင်စည်းကမ်းဖောက်ဖျက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊
❻ လေလံဆွဲ၍ အခြားလေလံဆွဲဝယ်နေသူများထံမှ ငွေကြေး(ပန်းကြေး)တောင်းခံလေ့ ရှိသူ။

လျှေက်ထားရန်လိုအပ်သောအချက်အလက်များ (ပြည်တွင်း)

ယစ်မျိုးလိုင်စင်များကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ခွင့်ပြုချထားပေးလျက်ရှိရာ ယစ်မျိုးလိုင်စင်ရယူလိုသူသည် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများ နှင့်အတူ လျှောက်ထားနိုင်ပါသည်။
ယစ်မျိုးလိုင်စင်လျှောက်ထားရာတွင်ပါဝင်ရမည့်အချက်များ
❶ယစ်မျိုးလိုင်စင်လျှောက်လွှာ၊
❷နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊
❸သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊
❹သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်၊
❺ပတ်ဝန်းကျင်နေထိုင်သူများ၏ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်၊
❻အခြားလိုအပ်သောအထောက်အထား၊

လျှောက်ထားရန်လိုအပ်သောအချက်အလက်များ (နိုင်ငံခြားဖက်စပ်)

နိုင်ငံခြားသားနှင့် ဖက်စပ်ဆောင်ရွက်သည့် ကုမ္ပဏီအသင်းအဖွဲ့များအနေဖြင့် လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါအထောက်အထားများ ထပ်မံလိုအပ်ပါဦးမည်။
❶မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်၊
❷ကုမ္ပဏီ(သို့)အသင်းအဖွဲ့ ကိုယ်စားတာဝန်ခံ ဆောင်ရွက်မည့်သူအား တာဝန်ပေးအပ်သည့် အထောက်အထား၊
❸ကုမ္ပဏီ(သို့)အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မိတ္တူ။

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?