စားသောက်ဆိုင်လိုင်စင် (သို့) အစားအသောက်ရောင်းချသော လုပ်ငန်းတစ်ခု လုပ်ကိုင်ရန်အတွက် လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာရေးကော်မတီတွင် လျှောက်ထားရမှာ ဖြစ်ပါသည်။
လိုင်စင်လျှောက်ရန်လိုအပ်သည့်အချက်အလက်များ
❶နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူ နှင့် ကုမ္ပဏီအထောက်အထား၊
❷အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဦး ထောက်ခံချက် (အခြေအနေအရ လိုအပ်ပါက (၁၀)ဦးနှင့်အထက် ပိုမိုရယူရမည်)
❸အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား၊
❹သက်ဆိုင်ရာမီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်။
ဆက်လက်လုပ်ဆောင်ရန်များ (၁)
အကယ်လို့ လျှောက်ထားသူ၏ အချက်အလက်များ ပြည့်စုံမှုရှိတယ်ဆိုရင် မြို့နယ်စည်ပင်သာယာရေးကော်မတီသည် အောက်ပါအချက်များကို ကွင်းဆင်း စစ်ဆေးရန်အတွက် စစ်ဆေးမည့်ရက်/ အချိန်ကို သင့်ကို အကြောင်းကြားပေးပါလိမ့်မည်။
❶ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊
❷အခြားမြေ/ဥပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊
❸ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ၊
ဆက်လက်လုပ်ဆောင်ရန်များ (၂)
❶ကွင်းဆင်းစစ်ဆေးပြီးနောက် လိုအပ်ချက်ရှိပါက မှာကြားခြင်းများ ပြုလုပ်ပါမည်၊ လိုအပ်ချက်များ မရှိတော့ပါက စစ်ဆေး တွေ့ရှိချက်နှင့်အတူ စည်းကြပ်သင့်သည့် လိုင်စင်နှုန်းထားအား အဆိုပြုဖော်ပြ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်လက်တင်ပြ ဆောင်ရွက်မှာ ဖြစ်ပါသည်။
❷ခရိုင်ရုံးက လိုင်စင်နှုန်းထားပေးသွင်းပြီးကြောင်း အထောက်အထား၊ ခွင့်ပြုလိုင်စင် ကတ်ပြားပြန်လည်ရရှိပါက “လိုင်စင်နောက်ကျောပါ စည်းကမ်းချက်များအား လိုက်နာ ရမည်ဖြစ်ကြောင်း” အသိပေး ရှင်းလင်းချက်ဖြင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
📅မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းကိစ္စ မရှိလျှင် (၄)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စီစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။
ဆက်လက်လုပ်ဆောင်ရန်များ (၃)
❶ခရိုင်ရုံးသည် သက်ဆိုင်ရာမြို့နယ်၏ တင်ပြချက်အပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုင်စင်ခွင့်ပြုသင့်ကြောင်း စိစစ်ရရှိပါက လိုင်စင်ကြေးငွေပေးသွင်းရန် (ကျသင့်လိုင်စင်နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်) မြို့နယ်မှတစ်ဆင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။
❷ငွေသွင်းချလံရရှိပါက ခွင့်ပြုသည့် လိုင်စင်ကတ်ပြားနှင့် ခွင့်ပြုမိန့်အား မြို့နယ်သို့ ပြန်လည်ပေးပို့ ဆောင်ရွက်မည်ဖြစ်ပါသည်။
📅ခရိုင်ရုံး၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းကိစ္စ မရှိလျှင် (၄)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စီစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။
ကြိုတင်နားလည်ထားရန် (Disclaimer)
အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။