🏛️စားသောက်ဆိုင်လိုင်စင် ကိုင်ဆောင်ထားသူများ လိုက်နာရမည့် စည်းကမ်းများ၊ နှင့် အရေးယူမှုများ၊

❶လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လုပ်ငန်းတည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူအား လုပ်ငန်းနှင့်ပတ်သက်၍ အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရ။ လုပ်ငန်းကို             ခွင့်ပြုသည့် ဥပစာအတွင်း၌သာ ဆောင်ရွက်ရမည်။

❷လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှုအရှုပ်အရှင်းပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။

❸လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာန အသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက် များ၊ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။

❹ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံး ဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။

❺လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ကော်မတီက ညွှန်ကြားသည့် သောက်/သုံးရေထားရှိမှု အစီအမံများ၊ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက်  အစီအမံများ၊ အညစ်အကြေး စွန့်ပစ်မှုနှင့်

❻ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေး အစီအမံများ၊ မြို့တော်သာယာလှပရေးနှင့် လုံခြုံရေး အတွက် အစီအမံများ၊ အလုပ်သမား/ လာရောက်ရောင်းဝယ်သူ များအတွက် ကျန်းမာမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများ၊ ယာဉ်/လူသွားလမ်းပိတ်ဆို့မှုမရှိစေရေး အစီအမံများ၊ မီးဘေးကြိုတင် ကာကွယ်ရေးအစီအမံများကို ထားရှိ၍ တိကျစွာလိုက်နာရမည်။

❼ကုန်ကြမ်းအဖြစ်အသုံးပြုသော ထုတ်လုပ်သော၊ သိုလှောင်သော၊ တည်းခင်းဖြန့်ဖြူးသော၊ ပစ္စည်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန် စံညွှန်းနှင့် ကိုက်ညီသည့် ပစ္စည်းများဖြစ်ရမည့်အပြင် ကိုင်တွယ်အသုံးပြု စားသုံးသူများ အတွက် ကျန်းမာရေးနှင့်ညီညွတ်ရမည့် သို့မဟုတ် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများဖြင့် စီစဉ်ဆောင်ရွက်ပြီးဖြစ်ရမည်။

❽လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းကို လိုအပ်သည့်အခါ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် စစ်ဆေးခြင်းကို လက်ခံရမည်။ ယင်းအပြင် လုပ်ငန်းတာဝန်ခံကိုယ်တိုင်က လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ရှင်းပြရမည်။

❾လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းအား လိုအပ်ချက်အရ ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။

❿လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။

အထက်ပါ သတ်မှတ်ချက် တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာ ရန်ပျက်ကွက်ပါကဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ် ဖြင့်ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှု ပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။

အရေးယူဆောင်ရွက်ခြင်း

လိုင်စင်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဉပဒေ(၂၀၁၈ ခုနှစ်) ပုဒ်မ ၂၈၁ အရ အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါသည်-

❶ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ (သတ်မှတ်လိုင်စင်နှုန်း၏ ၅ ဆ)

❷လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

❸လိုင်စင်ကို ပယ်ဖျက်ခြင်း။

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?